တကယ်တော့ ဒီ ၁၂ လရာသီ လိုက်ကာ ပန်းချီကား ကလေးက အမေစုရဲ့ စိတ်ကူးပါ၊ အဲဒီလိုက်ကာမှာ အပေါ်ဆုံးက ရာသီခွင်၊ အလယ်က အဲဒီရာသီမှာ ပွင့်တဲ့ပန်း နဲ့ အောက်ဆုံးကတော့ ပွဲတော် ကို ပန်းချီအဖြစ်ထည့်သွင်းပြီး မြန်မာပြည်ရဲ့ အမှတ်တရ လေးတစ်ခုအဖြစ် ဖန်တီးရင်ကောင်းမယ်လို့ ပြောခဲ့တာကို ကျွန်တော်က အကောင် အထည် ဖေါ်ရတာပါ၊ ပထမဆုံး အမေပြောတာက သူရွေးထားတဲ့ artist ၃ယောက်ကို တစ်ယောက်ဆီကို အစိတ်အပိုင်းတစ်ခုဆီ ဆွဲခိုင်းပြီး ပြန်ဆက်ဖို့ အမေက အကြံပေးပေမဲ့ ကျွန်တော် က artist ၃ ယောက်ရဲ့ လက်ရာကို ပြန်ပေါင်းရင် ဟာမိုနီ မဖြစ်မှာ စိုးလို့ artist Zawzaw Aung တစ်ယောက်ကိုဘဲရွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဆုံးဖြတ်ပြီးတော့ အမှန်အတိုင်းပြောရင် အရာအားလုံးက artist က သူစိတ်ကြိုက်ဖန်းတီးတာပါ၊ အချိန် တစ်နှစ်လောက် ကြာမယ် သူပြောခဲ့ပါတယ်၊ တကယ်လည်းသူ ကြိုးစားပန်းစား နေ့ မအိပ် ညမအိပ် ဖန်းတီးခဲ့တာပါ၊ လိုက်ကာရဲ့ အပေါ်ဆုံးအပိုင်း မှာ ရာသီခွင်အပြင် နတ်ခတ်ကိုပါသူ့စိတ်ကူး ကိုထည့်သွင်းပြီးဖန်တီးခဲ့တာပါ၊ ဥပမာ - သိလ် ရာသီ သရဝဏ် နက္ခတ် ကို သိလ် နဲ့ သရဝဏ်ကို လှအောင် ထပ်ရေးပြီး အဲ့ဒီနက္ခတ်မှာ ရှိတဲ့ အရုပ်တွေ နဲ့ ကြယ်အနေအထားတွေကို ပုံဖေါ်ထားပါတယ်၊
အလယ်မှာတော့ သူ့ရာသီ မှာ ပွင့်တဲ့ ပန်းတွေကို အဆက်အစပ်ရှိအောင် အရောင် လိုက်ဖက်အောင်ရွေးချယ်ပြီး ရေးဆွဲပါတယ်၊ နောက်ခံ အရောင်ကို အဲဒီရာသီမှာ တွေ့ရတက်တဲ့ အရောင်တွေနဲ့ ပန်းချီကားတစ်ခု နဲ့ တစ်ခုကို ဆက်ထားပါတယ်၊ဥပမာ နွေရာသီ နောက်ခံကို အဝါရောင် ထည့်ထားပြီး ဆောင်းရာသီ ကို ပြောင်းတဲ့ အခါ ခပ်မှိုင်းမှိုင်း အရောင်ကို တဖြည်းဖြည်းကူးပြောင်းထားတာ စိတ်ဝင်စားစရာပါ၊ ပြီးတော့ ပန်းတွေကြားမှာ သူ့ရာသီမှာ တွေ့ ရတက်တဲ့ သတ္တဝါလေးတွေကို ထည့်သွင်းထားတာ အကောင်ပေါင်း ၁၄၅ ကောင်ရှိပါတယ်၊
အောက်ဘက်မှာတော့ ပွဲတော်တွေကို သရုပ်ဖေါ်ရာမှာတော့ နံရံဆေးရေး ပန်းချီပုံစံ နဲ့ သရုပ်ဖေါ်ထားပေမဲ့ ခောတ်တစ်ခေတ်ရဲ့ ပုံစံ နံရံဆေးရေး ပန်းချီ ပုံစံမဟုတ်ဘဲ ခေတ် အားလုံးကို ရောမွှေပြီး သူ့ပုံစံ ပြန်လုပ်ထားတဲ့အတွက် ပုဂံခောတ်လား အင်ဝခေတ်လား ကုန်းဘောင်ခေတ်လားမပြောနိုင် အောင် သူ့စတိုင် နဲ့ ပြန်လည် သရုပ်ဖေါ်ထားပါတယ်၊ လိုက်ကာ ဖရိန်တွေက အစ သူ့စိတ်ကြိုက် ပန်းပုဆရာ ဆီမှာသူကိုယ်တိုင်အပ်ပြီး ဖန်းတီးထားပါတယ်၊ လိုက်ကာဘောင်ရဲ့ အရောင်က အစ သူကိုယ်တိုင် ရွေးချယ်ခဲ့တာပါ၊
ပန်းချီကား အားလုံးကို ဆီဆေး နဲ့ရေးဆွဲခဲ့ပြီး ၊ artist က ဥာဏ်ပူဇော်ခ အဖြစ် လုံးဝမယူခဲ့ပါဘူး၊ ဘယ်လိုပေးပေး မရခဲ့ပါဘူး၊ နောက်ဆုံး ဒီအတွက် အဖိုးအခ ယူပြီး ကျွန်တော့အတွက် အဲ့ဒီပုံစံ မျိုးနောက်တစ်ခု ဖန်တီးပေးပါလို့ ပြောတာတောင်၊ ဒါမျိုးသူနောက်တစ်ခု မလုပ်ချင်တော့ဘူး မလုပ်လည်း မလုပ်နိုင်တော့ဘူးလို့ ငြင်းပါတယ်၊
အမေစုဒီလိုက်ကာ ပန်းချီကားကို ဒီနေ့ တွေ့တဲ့ အချိန်မှာ သူအရမ်းကို ဝမ်းသာအံသြပြီး အရမ်းကြိုက်တယ်လို့ ဟန်မဆောင်ဘဲ ပြောပါတယ်၊ သူပျော်တာကို ကြည့်ပြီး ကျွန်တော်လည်းပျော်ပါတယ်၊ artist က တော့ ဒီနေ့ မန္တလေး ရောက်နေလို့ သူမလာခဲ့နိုင်ပါဘူး၊ သူရှိရင်လည်း သူလည်းကျွန်တော်လို့ အမေ့ကို ကြည့်ပြီး ပျော်မှာပါ၊ ဒီနေ့လည် အမေလာမယ်ဆိုတာ နာရီပိုင်းအတွင်းမှာ ကပ်ပြီး သိခဲ့တာပါ၊ ဘာမှ စီစဉ်ချိန်မရှိခဲ့ပါဘူး၊ ဒီလိုက်ကာပန်းချီက ပြီးခဲ့တဲ့ အပတ်လောက်က မှပြီးခဲ့တာပါ၊ ပြီးကြောင်းဘဲ အမေ့ကို သတင်းပို့ခဲ့တာပါ၊ ဒီလို ရုတ်တရက် လာကြည့်လိမ့် မယ်လို့ ထင်မထားပါဘူး၊
အမှန်အတိုင်း ပြောရင် ကျွန်တော်လည်း အဲ့ဒီလိုက်ကာ ပန်းချီကို သိပ်ကြိုက်တယ်၊ အမေ မဟုတ်ဘဲ တခြားသူဆိုရင်တော့ ကျွန်တော် မပေးချင်ဘူးဗျ၊ ဒါပေမဲ့ ကျွန်တော်လိုကောင်က တိုင်းပြည်ကောင်းအောင် လုပ်ပေးနိုင်တဲ့ အစွမ်းအစ ဘာမှမရှိတော့၊ အမေစုလို တိုင်းပြည်အတွက် အရာရာကို စွန့်လွတ်ထားသူတစ်ယောက် က ဒီလိုက်ကာလေးကို ကြည့်ပြီး အနည်းငယ်မျှ သူစိတ်ကို ကြည်နှုးစေတယ်ဆိုရင်ဘဲ ကျွန်တော် ကျေနပ်ပါတယ်၊ ကျွန်တော်လုပ်ပေးနိုင်တာက ဒါဘဲရှိတယ်လေ၊ ဒါပေမဲ့ ဒီလိုက်ကာ ပန်းချီလေးက အမေစုမရှိတော့တဲ့ အချိန် ကျွန်တော်လည်း မရှိတော့တဲ့ အချိန် ရောက်ရင် တိုင်ပြည်ရဲ့ ရတနာ တစ်ခု အဖြစ် ကျန်ခဲ့မယ်ဆိုတာကိုတော့ ကျွန်တော် ယုံကြည်တယ်လေ။
Credit - Thet Soe





Comments
Post a Comment